ထန်းတပင်မြို့နယ်တွင် မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ဧကအပြည့်အဝစိုက်ပျိုးရေးဆွေးနွေး

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ဧက အပြည့်အဝစိုက်ပျိုးရေး တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က မိုးစပါးစိုက်ပျိုးချိန်ကာလ၌ လယ်ယာမြေများတွင် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအား အချိန်မီ အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ မိုးစပါးများကို လက်ကြဲအစား ကုန်ကျစရိတ်သက်သာသည့် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ဧကများ အပြည့်အဝစိုက်ပျိုးရေးနှင့် လယ်ယာမြေများအား အခြားနည်းအသုံးပြုခြင်းများ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေမှုများ ကိုတားမြစ်သွားရန်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များက မိမိတို့ရပ်ကွက်/ကျေးရွာများအလိုက် လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ရှင်းလင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်၍ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မြေတိုင်းစားရေးများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတာဝန်ခံများ တက်ရောက်ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)