ပျဉ်းမနား ဇူလိုင် ၄
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း(၁၅၀)ဖြင့် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပရာ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင် ဗိုလ်မှူး ဝေဖြိုးနိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရာက်ကြသည်။
အခမ်းအနားတွင် မင်္ဂလာအချိန်၌ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တော်ရိုက်ကြသည်။
နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းတမီထားရှိပေးနိုင်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံ လိုအပ်နေသောနေရာများတွင် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)