နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၄

နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကမ္ဘောဇဘဏ်တည်ထောင်သည့် နှစ်(၃၀)ပြည့် အထိမ်းအမှတ်အဖြစ် ပျိုးပင် ၁၀၀၀၀ လှူဒါန်းစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ချောင်းမကြီးဆည်၏ ရေဝေရေလဲဧရိယာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများနှင့် ဘဏ်ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ရာသီဥတုသာယာမျှတကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ ပြည်သူများအေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန်နှင့် သစ်ပင်၊ သစ်တောများ၏ အကျိုးကျေးဇူးကို သိရှိနားလည်ပြီး သစ်ပင်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုမျှတကောင်းမွန်စေခြင်း၊ ဂေဟစနစ်ကိုထိန်းသိမ်းနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာစေခြင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်ခြင်း၊ သစ်တောထွက်ပစ္စည်းများမှ လူနှင့်တိရစ္ဆာန်များအတွက် စားရေရိက္ခာရရှိခြင်းစသည်ဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း၊ စိုက်ပျိုးပြီး သစ်ပင်ပန်းပင်များကို စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲစွာ စိမ်းလန်း စိုပြည်ရှင်သန်စေရေးအတွက် ဌာနဆိုင်ရာများအပါအဝင် ပြည်သူ လူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ဧကရာဇ်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာသူများက သတ်မှတ်နေရာများအလိုက် သစ်ပင်ပျိုးပင်များကို အသီးသီးစိုက်ပျိုးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကျွန်း၊ သစ်ပိတောက်၊ ကုက္ကို၊ စိန်ပန်း၊ ငု၊ ယင်းမာ၊ သစ်ပုဂံနှင့် မန်ကျည်း၊ စုစုပေါင်း ပျိုးပင် ၁၀၀၀၀ အား စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဇော်ဂျီတွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည့် ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာများ၊ စာအုပ်စာပေလှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားကာ အခြေခံပညာမူလတန်းကျောင်း ဇော်ဂျီတွင်းအတွက် ပညာရေးအကျိုးပြုစာအုပ်များ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ရေ၊ မီးကိစ္စများ ဆောင်ရွက်ရန်အတွက် အလှူငွေများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေအောင်ထံသို့ လှူဒါန်းပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဥတ္တရသီရိမြို့နယ် မင်းကုန်း ကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာရှိ ပညာ့မဏ္ဍိုင်ကျေးရွာစာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များထားရှိမှုအခြေအနေများနှင့် ကျေးရွာပြည်သူများ စာပေဖတ်ရှုလေ့လာနေမှုများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များပေးအပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် တောင်ညိုအုပ်စု၊ မရမ်းခုံကျေးရွာရှိ စိုက်ပျိုးရေးအသိပညာပေးစင်တာတွင် တောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စပါးအပါအဝင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ မြေများကို စနစ်တကျပြုပြင်ခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိအောင် စိုက်ပျိုးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် မရမ်းခုံကျေးရွာတွင် တီမွေးမြူရေးကန် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက မရမ်းခုံကျေးရွာမှ တောင်သူများအား နေကြာမျိုးစေ့များ၊ မျိုးစေ့ချကိရိယာ(Seeder)များနှင့် သွင်းအားစုဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာရှိ တောင်သူဦးထွန်းဝေ၏ လယ်ယာမြေတွင် မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ထားမှုကို ကြည့်ရှုအားပေးပြီး တောင်သူများအား လက်တွေ့လိုက်နာကျင့်သုံးကြစေလိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)