မိုင်းနောင် ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာမိုင်းနောင်မြို့၊ မီးသတ်စခန်းမှလက်ထောက်ဦးစီးမှူးကျော်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက ရှာဖွေရေး၊ ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ရှာဖွေစုဆောင်းထားရှိရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကယ်ဆယ်ရေးပစ္စည်းအသုံးပြုပုံများအား လက်တွေ့သရုပ်ပြသခြင်း၊ တိုက်နယ်ဆရာ၀န် ဒေါက်တာဝေယံစိုးနှင့် ကျန်းမာရေး၀န်ထမ်းများက အရေးပေါ်ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုခြင်းများအား သရုပ်ပြသခဲ့သည်။ ဆက်လက်၍ မိုင်းနောင်မြို့အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတပ်မမှူးဗိုလ်မှူးကြီး ဇော်ဇော်ထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုကာ အန္တရာယ်များကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အားလုံးချိတ်ဆက် ကူညီပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသဘာဝဘေးအန္တရာယ်ကြိုတင်၊ ကာကွယ်ရေးလုပ်ငန်းများပြင်ဆင်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်သည့်နေရာသို့ တပ်နယ်မှူး၊ ကျေးသီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်၊ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များမှတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်(၅)ရပ်ကွက်မှ မိဘပြည်သူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိုင်းနောင်တပ်နယ်မှတပ်မတော်သားများ စုစုပေါင်း (၁၄၄)ဦးခန့် တက်ရောက်ကြောင်း သိရှိရသည်။
မိုးသောက်(မိုင်းနောင်)