မန္တလေး ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် စုပေါင်းရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အဆိုပါ စုပေါင်းရုံးသစ် အဆောက်အအုံရှေ့ မင်္ဂလာနေရာတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာ အောင်ဆွေနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၆) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်မြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်မြေသာစံခရိုင် စုပေါင်းရုံးသစ် အာစီရ် ၃ ထပ် အဆောက်အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက်အဦအထူးအဖွဲ့ (၆) မှ ဒုတိယညွှန်ကြားရေးမှူးက အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအကအဖွဲ့ကို ဂုဏ်ပြုငွေများချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေး၍ ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်အမှတ်တရ သစ်ပင်များကို စိုက်ပျိုးပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းအမှတ်တရ ဓာတ်ပုံများရိုက်ကြပြီးနောက် အဆောက်အအုံအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)