သဘာဝရေပြင်ကန်သာယာအတွင်း ငါးမျိုးများစိုက်ထည့်

ဘားအံ ဇူလိုင် ၂

ဒေသ၏ ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ်စားသုံးနိုင်စေရန် သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကန်သာယာအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။

ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းတို့မှ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၇၂၀၀၀၀ (ခုနှစ်သိန်းနှစ်သောင်း) ကျော်ထုတ်လုပ်၍ သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင် များအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ယမန်နေ့နံနက်တွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ငါးမြစ်ချင်းကောင်ရေငါးသောင်းနှင့် ငါးခုံးမကြီးကောင်ရေငါးသောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေတစ်သိန်းကို ကန်သာယာအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ဆက်လက်၍ ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်ကိုယ်စားပြု အားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ကျင်းပရာ ပဥ္စမအကြိမ်မြောက် မျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဆပ်ကော်မတီ၊ အောင်နိုင်ရေးကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး အားကစားနည်းအလိုက် အောင်နိုင်ရေးလုပ်ငန်းစီမံချက်များကို ယခုအစည်းအဝေးတွင် ဆွေးနွေး အကြံပြုနိုင်ရန် တင်ပြဆွေးနွေးပေး ကြစေလိုကြောင်း၊ ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ အောင်မြင်မှုများရရှိနိုင်မည်ဖြစ်သည့်အတွက် စနစ်တကျဖြင့် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက ယခင်အပတ် (ပထမအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြပြီး အားကစားနည်း အလိုက်ဆပ်ကော်မတီဥက္ကဋ္ဌများက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး အားကစားနည်းအလိုက်အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌများက လူရွေးချယ်ပွဲများ စနစ်တကျကျင်းပ၍ စခန်းသွင်းလေ့ကျင့်နိုင်ရန်နှင့် အောင်နိုင်ရေးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ လုပ်ငန်းကော်မတီအတွင်း ရေးမှူးများက သက်ဆိုင်ရာအားကစားနည်းများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)