မိုင်းတုံ ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၁၄း၀၀ အချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်ပေးခြင်းသည် မိမိတို့လုပ်နေသည့် လုပ်ငန်းများအပေါ် ကြုံတွေ့ရသည့် အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ပေးခြင်း၊ မိမိတို့ကြုံရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ လုပ်ငန်းတိုးတက်အောင်မြင်မှုရရှိခြင်း၊ မိုးရာသီကာလဖြစ်ပြီး သွေးလွန်တုတ်ကွေးများ မဖြစ်ပေါ်စေရေးနှင့် မိမိတို့ကျန်းမာရေးကို လည်းအထူးဂရုစိုက်ရန်၊ ရပ်ကျေးစာရေးများကလည်း မိမိတို့လုပ်ရမည့်လုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်အောင်ဆောင်ရွက်သွားစေရန် စသည်တို့ကို ပြောကြားပြီးနောက် မြို့နယ်လဝကဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက ပန်းခင်းစီမံချက်(၃)လုပ်ငန်းနှင့်လည်းကောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် ပတ်သက်၍ အကျယ်တစ်ဝန်းရှင်းလင်းခြင်း၊ မြို့နယ်ရဲမှူး မြင့်အောင်က ရပ်ရွာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ရန် ရှင်းလင်းခြင်း၊ ပြန်/ဆက်ဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရန်ရည်ရွယ်ပြီး ဌာနရှိ Community centre ခန်းမတွင် ကျေးရွာစာကြည့်တိုက် စာရေးများကို ဖိတ်ကြာပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၅/၆ ရက်နေ့များတွင် အခြေခံစာကြည့်တိုက်သင်တန်း ဖွင့်လှစ်ပေးသွားမှာဖြစ်သည့်အတွက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့အားလုံးကိုလည်း ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ မိမိတို့ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ဆွေးနွေးမှုအပေါ် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင် (ပြန်/ဆက်)