တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရုံးလုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်

တာချီလိတ် ဇူလိုင် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက် အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားစွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းတစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေး၊ လုပ်ငန်းကျွမ်းကျင်မှု၊ တာဝန်ယူ၊ တာဝန်ခံစိတ်ရှိမှု နှင့် မိမိတို့ဌာနအပေါ်ဂုဏ်ယူပြီး လုပ်ငန်းတာဝန်အပေါ် တန်ဖိုးထားတတ်မှု စသည့်အရည်အသွေးကောင်းများ တိုးတက်မြှင့်မားလာစေရန် ရည်ရွယ် ၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြူလှက ယနေ့ဖွင့်လှစ်သည့် မွမ်းမံသင်တန်းတွင် ဝန်ထမ်းများအနေဖြင့် သင်တန်းကာလအတွင်း စည်းကမ်းများကိုလိုက်နာ၍ မိမိတို့၏ အရည်အချင်း၊ အရည်သွေး၊ လုပ်ရည်ကိုင်ရည် တိုးတက်နိုင်ရေးဆိုသည့် ခံယူချက်ဖြင့် သင်တန်းတွင် သင်ကြားပေးသည့် သင်ခန်းစာများကို သေချာလေ့လာမှတ်သားစေလိုကြောင်း မှာကြားကာ သင်တန်းအား ဆက်လက်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်း၌ သင်တန်းသား စာရေးဝန်ထမ်း ၄၀ ဦးအား ဇူလိုင်လ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၂၆ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)