ပြင်ဦးလွင် ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးသုတေသနနည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနမှ “ပိုးစာပင်ကိုင်း ဖြတ်ခြင်း” တောင်သူပညာပေးကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၊ ရပ်ကွက်ကြီး(၆)၊ နန္ဒာလမ်း၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး(ကိုယ်စား)၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပိုးသုတေသနနည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ခြံတာ၀န်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးနွယ်၀င်းက အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပိုးစာပင်ကိုင်းဖြတ်ခြင်းနည်းစနစ်အား Power Point ဖြင့် ဆွေးနွေးတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သွေးသွေး(ခရိုင် /ပြန်ဆက်)