ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဇွန် ၂၈

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန်လ (၂၆) ရက်နေ့ နံနက် (၉) နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်က မူးယစ်ဆေးဝါး ပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေနှင့်သာ ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမျိုး မဟုတ်ဘဲ နိုင်ငံတိုင်းသာမက တစ်ကမ္ဘာလုံးနှင့်ပါသက်ဆိုင်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အကျုံးဝင် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးမှာ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသကဲ့သို့ ချင်းပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့်လည်း ဗဟိုအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းများ ဆောင်ရွက်မိပါက မိမိကိုယ်တိုင်သာမက မိသားစုတစ်ခုလုံးပါ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ ပျက်ပြားစေပြီး လူမှုဒုက္ခအမျိုးမျိုးနှင့် သောကပင်လယ်ဝေနေကြမည်ဖြစ်သည့်အပြင် အကျိုးဆက်ဖြစ်သည့် HIV / AIDS ကဲ့သို့ ကြောက်စရာကောင်းသည့် ရောဂါဆိုးများ ရရှိနိုင်ပြီး လူဖြစ်ရှုံးနေကြသည်ကို သင်ခန်းစာရယူစေလိုကြောင်းနှင့် ချင်းပြည်နယ်ကို မူးယစ်ဆေးဝါးကင်းစင်သည့် ဒေသ Drug Free Region ဖြစ်လာစေရေး ပြည်သူလူထုတစ်ရပ်လုံးက လက်တွဲညီညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ဖတ်ကြားသည်။

ယင်းနောက် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းတို့က ဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ပေးပို့သည့် ဆောင်ရွက်ချက်မှတ်တမ်း Video Clip အားပြသပြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးရာ ပြည်နယ်ဝန်ကြီးချုပ်က ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ဆုရရှိသည့် ပန်းချီ၊ ကာတွန်း၊ ကဗျာနှင့် စာစီစာကုံးများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)