ရန်ကုန် ဇွန် ၂၇
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒဂုံဧရာကုန်တင်ယာဉ်ရပ်နားကွင်း၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(အတွင်းရေးမှူး)၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်)နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးပြဿနာသည် လူသားအားလုံးအညွန့်တုံးစေပြီး ကမ္ဘာ့နိုင်ငံအသီးသီးက တားဆီးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ၁၉၈၇ ခုနှစ်တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ်ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပခဲ့သည်မှာ (၃၇)ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုအပေါ် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ တည်ငြိမ်းအေးချမ်းရေးတို့ကို ဆုတ်ယုတ်ပျက်စီးစေသည့်အပြင် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ်များစွာ ထိခိုက်စေလျက်ရှိကြောင်း၊ သို့ဖြစ်၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)မှ ပေးပို့သော ဆောင်ပုဒ်ဖြစ်သည့် “မူးယစ်အန္တရာယ်ကင်းစင်ရေး ဘက်စုံကြိုတင်ကာကွယ်ပေး”(The Evidence is clear : Invest In Prevention)ဆောင်ပုဒ်နှင့်အညီ အလေးထားလိုက်နာဆောင်ရွက်သွားကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့်အတူ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့တွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးချုပ် ရဲမှူးချုပ် မျိုးမင်းထိုက်က ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးဧည့်သည်တော်များမှ မီးရှို့ဖျက်ဆီးမည့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများကို လိုက်လံကြည့်ရှုကာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော ဘိန်း ၀ ဒသမ ၂၆ ကီလို၊ ဘိန်းဖြူ ၅၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သန်း၊ အိုက်စ် ၉၅၇၄ ဒသမ ၉၄၂ ကီလို၊ ဘိန်းစာမှုန့် ၁၇၇၅ ဒသမ ၈၄ ကီလို၊ ကက်တမင်း ၂၃၈၂ ဒသမ ၂ ကီလိုကျော်၊ ဆေးခြောက် ၅၁၄ ဒသမ ၉၉၅ ကီလိုအပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၈၉ ဒသမ ၃၄၅ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်းကျော်) တို့ကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ရာမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှ ပေးပို့သည့်သဝဏ်လွှာအား ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဖတ်ကြားသည်။
ယင်းနောက်စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)