(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်

တာမွေ ဇွန်  ၂၇

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ထူးချွန်ဆုရရှိကြသူများနှင့် ၎င်းတို့၏ မိဘများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို အလေးအနက်ထားပြီး ကျောင်းသားလူငယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းလာစေရန်အတွက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊ အနာဂတ်နိုင်ငံတော်တွင် မူးယစ်ဆေးဝါးကင်းစင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးအတွက် လူငယ်များ၏ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားရမှာဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုအား ပြသခဲ့ပြီး (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်ဒိုင်အဖွဲ့များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ထူးချွန်ဆုရရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲတွင် စုစုပေါင်း ထူးချွန်ဆု (၃၈) ဆုနှင့် (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲတွင် စုစုပေါင်းထူးချွန်ဆု (၈၄)ဆု စသည်ဖြင့် ထူးချွန်ဆုရရှိခဲ့ကြသူများအား ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)