တာမွေ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် လေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ထိန်းသိမ်းစို့လေစာပေအမွေ" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် “လူငယ်တွေဟာ အမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ဆောင်ရွက်ရမည့်သူတွေဖြစ်သည့်အတွက် အသိပညာဗဟုသုတ ကြွယ်ဝသူတွေဖြစ်ဖို့ များစွာလိုအပ်ပါကြောင်း၊ အသိပညာဗဟုသုတကြွယ်ဝဖို့ နည်းလမ်းများစွာရှိသည့်အနက် စာပေဖတ်ရှုလေ့လာခြင်းက အရိုးရှင်းဆုံးသော နည်းလမ်းပဲဖြစ်ပါကြောင်း၊ စာအုပ်စာပေ ဖတ်ရှုလေ့လာရာမှာ ပုံနှိပ်ထားတဲ့ စာအုပ်များသာမက ယနေ့ခေတ်ဟာ IT နည်းပညာထွန်းကားလာတဲ့အတွက် လက်ကိုင်ဖုန်းဖြင့်သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်သော်လည်းကောင်း ဖတ်ရှုလေ့လာနိုင်ပါကြောင်း၊ စာကြည့်တိုက်က စာဖတ်သူတွေရဲ့ဘဝကို ပြောင်းလဲတိုးတက်စေပါကြောင်း၊ စာပေဖတ်ရှုလေ့လာမှုကြောင့် ဘဝတိုးတက်မြင့်မားသူတွေများစွာ ပေါ်ထွက်ခဲ့ကြပါကြောင်း၊ စာအုပ်စာပေဟာ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းဖြစ်ပြီး ပေါင်းဖက်လာသူမှန်သမျှရဲ့ ကောင်းကျိုးကို မဖောက်မပြန် ဖြည့်ဆည်းပေးနေပါကြောင်း၊ ကျောင်းသားလူငယ်မောင်မယ်များအနေနဲ့ မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေကို ဝေးဝေးလံလံ ရှာဖွေစရာမလိုဘဲ ကျောင်းစာကြည့်တိုက်တွေမှာ လွတ်လပ်လွယ်ကူစွာ ရှာဖွေဖတ်ရှုနိုင်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးကို ဦးဆောင်တာဝန်ယူကြမယ့် ကျောင်းသားလူငယ် မောင်မယ်များအနေနဲ့ အခုလိုစာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကနေ အသိအလိမ္မာ တိုးတက်မြင့်မားတဲ့ လူကြီးလူကောင်းတွေဖြစ်ပေါ်လာစေဖို့ ကျောင်းစာကြည့်တိုက်တွေကို အသုံးပြုကြပါ။ စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာကြပါ။ စာပေဆိုင်ရာဆွေးနွေးပွဲ၊ ဟောပြောပွဲတွေ ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်အတွက် လှူဒါန်းသည့် သုတ/ရသစာအုပ်(၁၀၀)အုပ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကပေးအပ်ရာ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က လက်ခံရယူခဲ့သည်။
ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်သည့် စာအုပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများ၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်နှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ စသည့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် စာအုပ်အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အမျိုးသားစာပေဆုရှင် စာရေးဆရာကောင်းသန့်က “စာဖတ်ခြင်းအကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် စာပေဆိုင်ရာများကို ဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသားစာပေဆုရှင် စာရေးဆရာကောင်းသန့်အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက "ပြည်ထောင်စုသွေး" တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။ ယင်းနောက် ကပြဖျော်ဖြေခဲ့ကြသူများအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)