စဉ့်ကူး ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က စဥ့်ကူး (အ.ထ.က)ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက မူးယစ်ဆေးဝါး၏အန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာထိခိုက်မှုများမှ ရရှိလာမည့် ဆိုးကျိုးများ၊ ရောဂါလက္ခဏာများ၊ မူးယစ်ကင်းစင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များအကြောင်းကို (ဥပမာ၊ သာဓကများဖြင့်) အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများ လေ့လာဖတ်ရှုမှတ်သားစေရန်အတွက် ပြသခဲ့ပြီးနောက် ဝန်ထမ်းများက မူးယစ်ဆေးဝါးကို အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့”၊ ရှောင်ဖယ်ဝေးဝေးမူးယစ်ဆေးကဗျာ၊ စသည့် ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဆောင်ပုဒ်များပါဝင်သော သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းဝင်း (ပြန်/ဆက်)