တနင်္သာရီမြို့၌ ကျောင်းသူ/သားများအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသ

တနင်္သာရီ ဇွန် ၂၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ချောင်းငယ်ရပ်ကွက်-အမက-တပ်ဦးကျောင်းရှိ ကျောင်းသား/သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းအတွင်းပြုလုပ်ရာ တာဝန်ခံကျောင်းအုပ်နှင့် ဆရာမများ၊ Grade-3 မှ Grade-5 အထိ ကျောင်းသား/သူများ ၆၀ ကျော်တို့ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဆရာမများနှင့်ကျောင်းသူ/သားများထံ ဖြန့်ဝေပေးခဲ့ကြသည်။

အခမ်းအနားတွင် ရှေးဦးစွာမြို့နယ်ပညာရေးမှူးရုံးမှ လ/ထမြို့နယ်ပညာရေးမှူး ဦးဇင်မင်းလတ်က မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း ၈ ချက်ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရဲတပ်ဖွဲ့မှ နယ်ထိန်းအရာရှိ ဒုရဲအုပ်အေးကိုကိုက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးဥပဒေများအကြောင်းကို ပညာပေးဆွေးနွေးပေးသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် “အနာဂါတ်ပန်းများ  ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရာများ၊ မူးယစ်ဆေးကို စွဲစွဲမြဲမြဲသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာများ/ရုပ်ပိုင်းဆိုင်ရာများနှင့် လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးမသုံးစွဲမိစေရန် သိရှိလိုက်နာရမည့်အချက်များကို ပညာပေးဆွေးနွေးပေးကြောင်း သိရသည်။

ထို့နောက် အသိပညာပေးဟောပြောချက်များနှင့်ပတ်သက်၍ ကျောင်းသူ/သားများအား ပြန်လည်ဆန်းစစ်မေးမြန်းပြီး အဖြေမှန်ကို ဖြေဆိုနိုင်သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဗလာစာအုပ်များ ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “ရွှေသာရီ” နံရံကပ်စာစောင်ကို ကျောင်းသူ/သားများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းရာ ဦးစီးအရာရှိ ဦးထိန်ဝင်းက ပြန်လည်ရှင်းလင်းဖြေကြားပေးကြောင်း သိရသည်။

အလားတူ မွန်းလွဲပိုင်းတွင် ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ အမက-အောက်ကင်း အရှေ့ကျောင်းသူ/သား ၆၀ ဦးခန့်ကိုလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြောင်းအရာများကို အသိပညာပေး ဆက်လက်ဟောပြော၍ နံရံကပ်စာစောင်များကို ပြသပေးရာ ကျောင်းအုပ် ဦးကျော်စိုးအောင်က ကျေးဇူးတင်စကားပြောကြားပေးကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)