နေပြည်တော် ဇွန် ၂၆
နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာနေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့်မြေယာမူဝါဒများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မြေများ မလျော့ပါးစေရေး ဆောင်ရွက်ရပြီး စားရေရိက္ခာနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေး လုပ်ငန်းများတွင် လယ်ယာမြေကို ထိရောက်စွာအသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ နေပြည်တော်အတွင်း လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေးအတွက် စံပြုလုပ်ထုံး လုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ထူးကနေပြည်တော်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဆုံးဖြတ်ရန်အချက် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)