ပြည်ကြီးမဏ္ဍိုင် ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း၌ (၂၀၂၄) ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက မူးယစ်ဆေးဆိုသည်မှာ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနည်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို သိရှိနားလည်ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် မူးယစ်အန္တရာယ်ကို ရှောင်ရှားတက်စေရန် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိူးအစားများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများ စသည့်အသိပညာပေး နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)