မြစ်ကြီးနား ဇွန် ၂၆
ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူး၍ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် ယခုကဲသို့ အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများ လျော့နည်းသွားခြင်းဖြင့် ပြည်သူဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများအကျိုးစီးပွားဖြစ်ထွန်းစေမည့် နေရာများတွင် မှန်ကန်စွာ ခွဲဝေသုံးစွဲလာနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးမြှင့်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များက ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဌာနများ၏ ဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိဖြစ်နိုင်ခြေရှိမှုမှ ကာကွယ်ရန်အတွက် အစိုးရဌာနများနှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားလုပ်ငန်းများတွင် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကျင့်ဝတ်များရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်းနှင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မွန်းလွဲ (၁)နာရီတွင်လည်း မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ကျောင်း၊ အားကစားခန်းမ၌ ကချင်ပြည်နယ်တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲက ကြီးမှူးကျင်းပသည့် ဥပဒေအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အဖွဲ့ခွဲ၊ အဖွဲ့ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက အဖွဲ့ခွဲဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောဆွေးနွေးပြီး ဒုတိယကျောင်းအုပ် ဒေါ်ဝင်းဝင်းမာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ဟောပြောပွဲတက်ရောက်လာသူများအား ပြည်နယ်အဖွဲ့ခွဲ တာဝန်ရှိသူများက ဆက်သွယ်ရေးဥပဒေနှင့် မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများကို လည်းကောင်း အသီးသီးဟောပြောပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)