ပုဗ္ဗသီရိ ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ပြိုင်ပွဲများကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဖိတ်ခေါ်ထားသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ စာရေးဆရာယုန်လေး၊ စာရေးဆရာခိုင်မင်း(နေပြည်တော်)၊ စာရေးဆရာ နွေဦးကိုကို၊ စာရေးဆရာအိုင်ပီမျိုးအောင်တို့က ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများအား ဖြန့်ဝေပေးခြင်း၊ မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများ က ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သန်းသန်းနွယ်