မိုင်းခတ် ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွှဲ (၁) နာရီက အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဌေးတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ ရှေးဦးစွာ Grade-11 မှ မကြည်ပြာလင်းက"လူငယ်နှင့်ခေါင်းဆောင်မှု"၊ Grade-11မှမသဲစုဖြိုးလှိုင်က "လူမျိုးမြင့်ဖို့စာဖတ်စို့"၊ Grade-12 မှ မောင်အာကာစိုးက"လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး၊လူငယ်နဲ့ကျန်းမာရေး၊လူငယ်နဲ့ကြီးပွားရေး"၊Grade-12 မှ မောင်ဘုန်းမြင့်ထွန်းက" မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး"စသည့် ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးကြရာ တက်ရောက်သည့် ကျောင်းသား/ကျောင်းသူများက ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး စာစောင်များ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး စာစောင်များပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)