မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ်

မြင်းခြံ ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်စန္ဒာဝင်းက မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲခြင်းဖြင့်ရရှိမည့် ပြစ်မှုပြစ်ဒဏ်များတို့ကို ဟောပြောဆွေးနွေးခဲ့သည်။

ဟောပြောပွဲအပြီးတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)