အမျိုးသမီးများတွင်ဖြစ်ပွားတတ်သော ကင်ဆာရောဂါအကြောင်းနှင့် လူကုန်ကူးမှု/လူမှောင်ခိုမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးများတွင်ဖြစ်ပွားတတ်သော ကင်ဆာရောဂါနှင့် လူကုန်ကူးမှု/လူမှောင်ခိုမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က မိတ္ထီလာပညာရေးကောလိပ်၊ ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိတ္ထီလာခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါက်တာစောမြင့်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးအေးကျော်က အမျိုးသမီးများတွင်ဖြစ်ပွားတတ်သော ကင်ဆာရောဂါအကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ ၎င်းနောက် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် ဒုတိယရဲမှူးသက်ထွန်းအောင်က လူကုန်ကူးမှု/လူမှောင်ခိုမှုအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးဖြိုးလှိုင်ဟိန်းက အမျိုးသမီးများဆိုင်ရာ အကာအကွယ်ပေးသည့်အခွင့်အရေးနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များအား ဟောပြောဆွေးနွေးခဲ့သည်။ ယင်းနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးအထိမ်းအမှတ် ကွန်ပျူတာပန်းချီနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား မိတ္ထီလာခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါက်တာစောမြင့်ထူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပညာရေးကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက လူကုန်ကူးမှုနှင့်သက်ဆိုင်သည့် တစ်ခန်းရပ်ပြဇာတ်ကို ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မိတ္ထီလာခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါက်တာစောမြင့်ထူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးအေးကျော်၊ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် ဒုတိယရဲမှူးသက်ထွန်းအောင်နှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိတ္ထီလာပညာရေးကောလိပ်မှ ဒုတိယကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)

ခရိုင်ပြန်ဆက်ရုံး၊ မိတ္ထီလာမြို့၊