မူလွန်(ပတုပ်)ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော

ကော့မှူး ဇွန် ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက် မူလွန်(ပတုပ်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်‌မေဇင်ကိုကိုက ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုကြရန်၊ စာဖတ်အားကောင်းသူများသည် တခြားသူများထက်မသိတာမရှိကြောင်း၊ ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းပိတ်ရက်များတွင်လည်း ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာအုပ်စာစောင်များငှားရမ်းဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကော့မှူးမြို့နယ်ပြည်သူ့စာကြည့်တိုက်သည် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ ပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ထားသောစာကြည့်တိုက်ဖြစ်ပါကြောင်း၊ မိသားစုများ၊ မိတ်ဆွေများ၊ သူငယ်ချင်းများအား စာကြည့်တိုက်သို့အခမဲ့လာရောက်ဖတ်ရှုရန်နှင့် စာအုပ်များငှားရမ်းနိုင်ရေးအတွက် လက်ဆင့်ကမ်းခေါ်ဆောင်လာကြရန်နှင့် စာအုပ်စာပေနှင့်ပတ်သက်သော အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များသုတ/ရသ စာအုပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)