ဆီဆိုင် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူမူဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျေးရွာ ရှိကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတ တိုးပွားလာစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ ရတနာအောင်ဆု ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးဇော်ထွန်းက အားကစားဆိုင်ရာများဖြစ်သည့် အားကစားသမိုင်းအကြောင်း၊ အားကစားလုပ်ဆောင်ခြင်းအားဖြင့် ရရှိသောအကျိုးကျေးဇူးများ၊ အားကစား၏ ထူးခြားသော ဝိသေသလက္ခဏများ၊ အားကစားလုပ်ခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှားမှုဖွံ့ဖြိုးစေခြင်း စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဒေါ်ဝေဝေစိုးက ကလေးသူငယ်ညှင်းပန်း နှိပ်စက်ခြင်းနှင့် မတော်မတရားပြုခြင်းများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သွဲ့မာလာက ကလေးများနှင့်သက်ဆိုင်သောဥပဒေများနှင့် အခွင့်အရေးများအကြောင်းကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဗျားရယ်က အသိပညာဗဟိုသုတ တိုးပွားစေရန်အတွက် စာပေဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသီးသီးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးဇော်ထွန်းက အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော သရဝဏ်နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)