ကျောက်ဆည် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျွမ်းကျင်သည့် စက်မှုလယ်ယာ စက်မောင်း/စက်ပြင် ပညာရှင်များ ပေါ်ပေါက်လာစေရန်နှင့် ကျွမ်းကျင်ပညာရှင်များမှ မိမိတို့ဒေသအလိုက် ပညာပေးသရုပ်ပြပွဲများဆောင်ရွက်ခြင်း၊ လက်ဆွဲကောက်စိုက်စက်အသုံးပြုသူ တောင်သူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအား ကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆင့်ပွား ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) အစည်းအဝေးခန်းမတွင် အင်ဂျင်ပါဝါသုံး လက်စွဲကောက်စိုက်စက် မောင်းနှင်ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ စပါးသီးနှံများ စိုက်ပျိုးရာတွင် ကျဲပက်စိုက်ပျိုးခြင်းစနစ် လျော့နည်း ပပျောက်စေရေးအတွက် လက်ဆွဲမျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များနှင့် စိုက်ပျိုးနိုင်ရေးများ ပညာပေးစည်းရုံးလျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အင်းကုန်းစက်ရုံမှ နည်းပညာ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် လိုအပ်သောစက်ပစ္စည်းအစိတ်အပိုင်းများ ကူညီပံ့ပိုးမှုဖြင့် မန္တလေးစက်မှုဇုံ (စိန်ပန်း-စက်မှုလက်မှု)အဖွဲ့(၂)ဖွဲ့မှ လက်ဆွဲကောက်စိုက်စက် အစီး(၅၀)ကို ပူးပေါင်း ထုတ်လုပ်နိုင်ခဲ့ပြီး (၂၀၂၄) ခုနှစ် မေလ(၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအတွင်း ဒေသအသီးသီးသို့ မိုးစပါးစိုက်ပျိုးရာသီအမီ စပါးသီးနှံများ စိုက်ပျိုးနိုင်ရေး ဖြန့်ဝေးပေးနိုင်ခဲ့ကြောင်းနှင့် မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ(အင်းကုန်း)မှ စက်ရုံမှူး ဦးမျိုးလွင်ဦးက သင်တန်းသားများအနေဖြင့် လက်ဆွဲကောက်စိုက်စက်နှင့်ပတ်သက်သည့် မောင်းနှင်နည်းများ၊ ချိန်ညှိနည်းများ၊ ထိန်းသိမ်းပြုပြင်နည်းများကို စေ့စပ်သေချာစွာ လေ့လာသင်ယူ၍ မိမိတို့ဒေသတွင်ရှိသော တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းခွင်၌ အင်ဂျင်ပါဝါသုံး လက်ဆွဲကောက်စိုက်စက်များနှင့် စိုက်ပျိုးချိန်တွင် အကောင်းဆုံး ကူညီဆောင်ရွက် ပေးကြရန် အမှာစကားများ ပြောကြားခဲ့ပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ဆက်လက်ပြီး သင်တန်းကို စာတွေ့၊ လက်တွေ့ သင်ကြားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ သင်တန်းသား(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ဇွန်(၂၄)ရက်နေ့မှ (၂၈)ရက်နေ့ အထိ (၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)