မိုင်းဆတ် ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းတည့်(၁၂)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ကျရောဂါဖြစ်ပွားနိုင်ပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် အာရုံစူးစိုက်မှုလျော့နည်းလာနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားနေချိန်တွင် မူးယစ်ထုံထိုင်းစေသည့် ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်းမပြုလုပ်ကြရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေးဆိုင်ရာထိခိုက်ဆုံးရှုံးမှုများဖြစ်နိုင်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)