ကျောက်ဆည် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ကျောက်ဆည်မြို့ အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်းသို့ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အချိန်ကပင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလပ်ချိန်များတွင် စာပေများ လေ့လာဖတ်ရှုစေရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် အောင်မြင်သူများဖြစ်အောင် အစဉ်တစ်စိုက် ကြိုးစားသွားကြရန် အမှာစကားများပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ကြောင်း၊ ပညာသည် ရွှေအိုးနှင့်တူကြောင်း၊ ပညာရှာဖွေရာတွင် ပြည့်စုံသည်ဟူ၍မရှိသဖြင့် အားလပ်သည့်အချိန်တိုင်း မိမိဝါသနာပါသည့် ပညာတစ်မျိုးမျိုးကိုလေ့လာ၍ အားလပ်သည့်အချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုသွားကြစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင်ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)