ပြည်ကြီးမဏ္ဍိုင် ဇွန် ၂၄
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပန်းချီပြိုင်ပွဲကို အ.လ.က(ပြည်ကြီးမဏ္ဍိုင်)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၆)ဦးတို့က "မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး”ခေါင်းစဉ်ဖြင့် နံနက်(၉)နာရီမှ (၁၁)နာရီခွဲထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၏ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပန်းချီများကို အကဲဖြတ်စစ်ဆေး၍ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိူးအစားများ၊ ကျန်းမာရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများစသည့် အသိပညာပေး နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)