ရန်ကုန် ဇွန် ၂၄
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ (Day of The Seafarer) အားဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်က ကြီးမှူးပြီး စုပေါင်းငွေလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ အမျိုးသား သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
“လူတစ်ဦးက သွေးလှူဒါန်းတယ်ဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်(MSF)အနေနဲ့ စုပေါင်း သွေးလှူဒါန်းခြင်းဟာ သင်္ဘောသား မိသားစုဝင်တွေ တင်မကဘဲ ကျန်းမာရေးလိုအပ်ချက်ရှိတဲ့သူတွေအတွက် ဖြည့်ဆည်းပေးနိုင်အောင်လို့ အခုလိုမျိုး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်ထဲမှာလည်း သင်္ဘောသားမိသားစုရဲ့ လူမှုစီးပွားရေး တိုးတက်လာစေဖို့အတွက် ပါဝင်ပါတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်ကပြောသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းကို နှစ်စဉ် စဉ်ဆက်မပြတ် လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမား အဖွဲ့ချုပ်အနေဖြင့် ပင်လယ်ကူးသင်္ဘောသားများ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိလာစေရန်အတွက် ဟောပြောပွဲများကျင်းပခြင်း၊ ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့သင်တန်းများပို့ချခြင်း၊ သင်္ဘောသားများ၏ အခက်အခဲများကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ချုပ်တစ်ခုဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)