တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်း ရရှိစေရန် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

ကော့သောင်း ဇွန် ၂၄

ကော့သောင်းခရိုင်‌၊ ကော့သောင်းမြို့နယ်ရှိ ဘက်စုံအဆင့်မြင့် နည်းပညာ သုံးစံပြကျေးရွာများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါးစိုက် အကျိုးဆောင် တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၈) နာရီခွဲခန့်က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင်  ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးသည် ဒေသဝမ်းစာဖူလုံမှု အနေဖြင့် (၇၃.၄၄) ရာခိုင်နှုန်း၊ ကော့သောင်းခရိုင် အနေဖြင့် (၄.၉၄) ရာခိုင်နှုန်းသာရှိပြီး ခရိုင် (၄) ခုတွင် ဝမ်းစာဖူလုံမှု အနည်းဆုံးဒေသဖြစ်ကာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် ဒေသဝမ်းစာ ဖူလုံမှုရာခိုင်နှုန်း တိုးတက်မှုရရှိမှသာ တိုင်းဒေသကြီးတစ်ခုလုံး၏ ဒေသဝမ်းစာ ဖူလုံမှုတိုးတက်လာရေးအတွက် တစ်ဧကအထွက်နှုန်း တိုးတက်‌ရရှိရေးအတွက် တောင်သူများအနေဖြင့် ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်များ အသုံးပြုရန်လိုအပ်ပြီး မြေဆီလွှာရေရှည် ဖွံ့ဖြိုးတည်တံ့နိုင်ရေး၊ သီးနှံပိုးမွှားရောဂါ စနစ်တကျကာကွယ်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ၊ ပြောင်းလဲသုံးစွဲရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများကိုလည်း လိုက်နာကျင့်သုံးပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ဒါ့အပြင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးတဲ့နောက် ရေချိုရရှိနိုင်သည့် နေရာဒေသများမှာ နွေစပါး၊ ဆောင်းသီးနှံများဖြစ်တဲ့ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနဲ့ စားဖိုဆောင်သီးနှံတွေ တိုးချဲ့စိုက်ပျိုးမည်ဆိုလျှင် တိုင်းဒေသကြီး၏ သီးထပ်စွမ်းအား တိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်းစားရေရိက္ခာဖူလုံကာ တောင်သူများ၏ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကော့သောင်းမြို့နယ်ရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာတွေ၏ မိုးစပါးစိုက်ခင်းတွေအတွက်လိုအပ်သည့် မျိုးစေ့နဲ့ သွင်းအားစုများ ပံ့ပိုးပေးခြင်းများအပြင် မိုးစပါးပန်းတိုင် အထွက်နှုန်းများရရှိစေ‌ရေးအတွက် မျိုးစပါးများ တစ်ဧက (၁) တင်းနှုန်း ထောက်ပံ့ပေးအပ်ခြင်းသည် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး ဒေသဝမ်းစာဖူလုံမှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းထိုက်က ဘက်စုံအဆင့်မြင့် နည်းပညာ သုံးစံပြကျေးရွာများအတွက် မျိုးစပါးကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါးစိုက် အကျိုးဆောင်တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တာဝန်ရှိသူများက တိုက်ရိုက်မျိုးစေ့ချကိရိယာ (SEEDER) နှင့် သွင်းအားစုများဖြစ်သော မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး  မိုးစပါးစိုက် အကျိုးဆောင်တောင်သူ ကိုယ်စားတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ကော့သောင်းခရိုင်၏ ဒေသဝမ်းစာဖူလုံရန် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် အကျိုးဆောင်တောင်သူများ၏ လယ်ဧက (၄၀) ဧကအတွက် မျိုးစပါးများ (၄၀) တင်း၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ တောင်သူများအတွက် မျိုးစပါး (၈၅) တင်း၊ ကွန်ပေါင်းဓာတ်မြေဩဇာ (၄၃) အိတ်၊ သဘာဝမြေဩဇာ (၁၇၀) အိတ်များကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ပြီး မြို့နယ်များအတွက် တိုက်ရိုက်မျိုးစေ့ချကိရိယာ (SEEDER) (၃)ခုကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)