ကာလိ ဇွန် ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကာလိမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) ရပ်ကွက်ရှိ နမ့်ခုံးပရဟိတခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာဆရာဦးမောင်မောင်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့စည်ပင် သာယာရေးဌာနမှမြို့ဦးစီးမှူး ဦးခင်ဇော်က အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းနှင့် ပတ်သက်၍အသိပညာပေး ဟောပြောခြင်း၊ ဆရာစိုင်းမွန်းရာဇာက သဘာဝပတ်ဝန်းကျင်နှင့် အမှိုက်စနစ်တကျစွန့်ပစ်ခြင်း၊ မြေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထိုနောက် ဟောပြောပွဲသို့တက်ရောက်လာကြသူများအားဆရာမ ဒေါ်နန်းဆိုင်အေးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် မေးခွန်းများ မေးမြန်းခြင်း၊ အမှတ်တရ လက်ဆောင်များပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကာလိ (ပြန်/ဆက်)