အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ ကျင်းပ

ကလော ဇွန် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို ဆောင်ရွက်နိုင်ရန် မူဝါဒ(၄)ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူဝါဒ(၄)ရပ်မှာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သောပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေရေးတို့ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ဘဝရပ်တည်နိုင်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးတို့အတွက် နယ်စပ်ဒေသအသီးသီးမှာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (၉)ကျောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (၄၇)ကျောင်းဖွင့်လှစ်လျက်ရှိကြောင်း၊ လက်ရှိအောင်းပန်းမြို့သင်တန်းကျောင်းမှာလည်း စက်မှုလက်မှုအခြေခံသင်တန်းများဖြစ်သော လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့ကို သင်တန်းသား (၃၀)ဦးဖြင့် ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုသင်တန်းအမှတ်စဉ်(၃)တွင် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းနှင့် အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းကို သင်တန်းသူ (၃၀)ဦးဖြင့် (၂၄-၆-၂၀၂၄)ရက်နေ့မှ (၆-၉-၂၀၂၄) ရက်နေ့အထိ စာတွေ့(၃)လသင်ကြားပေးမှာဖြစ်ပြီး လုပ်ငန်းခွင်ကာလ(၃)လကို သက်ဆိုင်ရာဟိုတယ်များမှာ လက်တွေ့လေ့လာဆည်းပူးသင်ကြားရမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်က အချိန်နှင့်ငွေကြေးအကုန်အကျခံပြီး သင်ကြားပို့ချသောပညာရပ်များကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်အောင် သေချာစွာ လေ့လာဆည်းပူးကြပြီး ဟိုတယ်အသီးသီးမှာ လုပ်ငန်းခွင်(၃)ဝင်ရောက်သည့်အခါတွင်လည်း မိမိတို့ဒေသအတွင်းရောက်ရှိလာသည့် ခရီးသွားများကို လိုက်လှဲပျူငှာစွာ ကြိုဆိုပြီး စိတ်ချမ်းသာမှုရရှိအောင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အောင်ပန်းမြို့နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝန်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဧည့်ကြိုသင်တန်း၊ အိမ်ခန်းဆောင်သင်တန်းနှင့် အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းခန်းမတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)