တာမွေ ဇွန် ၂၄
“ မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို၏ ဦးဆောင်စီစဉ်မှုဖြင့် သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပညာရေးဌာနနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော်ဦးချစ်ချောက မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးအမျိုးမျိုး သုံးစွဲခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာ ဆုံးရှုံးရမှု များ၊ ကွမ်းစားခြင်း၊ ဆေးလိပ်/ အရက်သောက်သုံးခြင်းနှင့် ကော်ရှူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ထိခိုက်မှုများနှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) (၁၄) ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များပူဇော်ကန်တော့ပွဲအတွက် အလှူငွေကျပ်တစ်သိန်းကို ပေးအပ်လှူဒါန်း ရာ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော်ဦးချစ်ချောက လက်ခံရယူခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မူယစ်တပ်ဖွဲ့စု (၄၁) မှ ရဲအုပ်နေလင်းထွန်းတို့က မူးယစ်ရာဇာတို့၏ လူငယ်ထုအတွင်းသို့ နည်းအမျိုးမျိုးဖြင့် မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချနေမှုများ၊ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဖြတ် လူနာများအား ဆေးကုသမှုပေးနေမှုများနှင့် မိမိနေထိုင်ရာပတ်ဝန်းကျင်တွင် ပုံမှန်အတိုင်း ပြန်လည်နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် မိသားစုတွင်း ပြဿနာများနှင့် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် HIV/ AIDS ရောဂါအကြောင်း စသည်ဖြင့် အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး ဟောပြောဆွေးနွေးခဲ့ကြသူများအား မူးယစ်ဆေးစွဲ သူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များအသီးသီး ပြန်လည်ပေးအပ်ခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ဘက်စုံအသုံးပြုရန်အတွက် အလှူငွေကျပ်တစ်သိန်းကို ပေးအပ်လှူဒါန်း ရာ ကျောင်းအုပ်ဆရာကြီး ဦးသောင်းညွန့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်း၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)