မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားတံခွန်စိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မိုးညှင်း ဇွန် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသားတံခွန်စိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက တက္ကသိုလ်မိုးလုံလေလုံ ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က မြန်မာ့ရိုးရာခြင်းလုံးအားကစားကို ချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ် မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများမှ ခြင်းလုံးပညာကို စိတ်ပါဝင်စားမှုဖြစ်ပေါ်လာစေရန်၊ အားကစားသမားများကို မိမိတို့ ကျောင်းကိုယ်စားပြုမှတဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများအား ပေါ်ထွန်းလာစေရန်၊ အနိုင်အရှုံးကို လက်ခံနိုင်သည့် စိတ်ဓာတ်များထားရှိပြီး မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် တရားမျှတစွာနှင့် သန့်ရှင်းစွာ ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန် စသည်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် ပြိုုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆို၍ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများနှင့် တစ်ဦးချင်းအလိုက် ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်အားပေးကြပြီး ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဘာသာရပ်အသီးသီးမှ အမျိုးသားပိုက်ကျော်ခြင်း (၄)သင်းပါဝင်ပြီး အသင်းပတ်လည်ဖြင့် ယှဉ်ပြိုင်ကစားကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာ အားပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း