မန္တလေးမြို့၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်လှစ်

မန္တလေး ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၇၃ လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)မှ နည်းပြအရာရှိ ဒေါ်စီစီမော်နှင့် နည်းပြများ၊ မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) နည်းပြအရာရှိ ဒေါ်စီစီမော်မှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ကျောင်းသား(၂၀)ဦးတို့အား ၂၄-၆-၂၀၂၄ မှ ၂၄-၇-၂၀၂၄ ရက်နေ့ထိ သင်တန်းကာလတစ်လတိတိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)