ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ဥတ္တရသီရိ ဇွန် ၂၄

ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များဖောင်ဒေးရှင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ (သဘာဝ)က ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများနှင့် ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များဖောင်ဒေးရှင်းအနေဖြင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ ပေးပို့သည့် စာအုပ်များမှ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် ၁၀ တိုက်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် ရှစ်တိုက်တို့အတွက် လူထုသိပ္ပံကျမ်း(အတွဲ-၁၊ အတွဲ-၂၊ အတွဲ-၃) စာအုပ်(၅၄)အုပ်ကို ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပေးအပ်လှူဒါန်းရာ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် တာဝန်ခံများမှ လက်ခံရယူခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုနယ်မြေ၊  စာကြည့်တိုက်များဖောင်ဒေးရှင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)