ထားဝယ် ဇွန် ၂၄
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အဖြစ် “အပူချိန်ထိန်းညှိနည်းပညာတိုးတက်ရေး၊ အလေးထားဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပပမင်းက ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အဖြစ် လူသားတို့နေ့စဉ်ဘဝအတွက် မရှိမဖြစ် အသုံးပြုလာကြသည့် ရေခဲသေတ္တာ၊ လေအေးပေးစက်ကဲ့သို့ အအေးပေးပစ္စည်းများ၏ အကျိုးပြုပုံ၊ အသုံးဝင်ပုံနှင့် အတူအဆိုပါပစ္စည်းများကို စနစ်တကျနည်းလမ်းမှန်ကန်စွာအသုံးပြုခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု လျှော့ချတိုက်ဖျက်ရေး၊ အိုဇုန်းလွှာ ထိခိုက်ပျက်စီးမှုကာကွယ်ရေးတို့ကို ဆောင်ရွက်ရာရောက်ကြောင်း အများပြည်သူ သိရှိစေရေးအတွက် အသိပညာပေးရန်ရည်ရွယ်၍ဟောပြောရခြင်းဖြစ်ကြောင်း၊ “အပူချိန်ထိန်းညှိ နည်းပညာတိုးတက်ရေး၊ အလေးထားဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အအေးပေးပစ္စည်းများ၏ အရေးပါပုံ၊ အအေးပေးပစ္စည်း အမျိုးအစားများ၊ အအေးပေးပစ္စည်းများ၏ ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်ခြင်းများ၊ အအေးပေးပစ္စည်းများကို တာဝန်ယူမှုရှိစွာ သုံးစွဲသင့်ပုံများအား အသိပညာပေးဟောပြောသည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား “အအေးပေးပစ္စည်းများအကြောင်း သိကောင်းစရာ” နှင့် “သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်များဖြင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။
ငွေဇင်ယော်(ထားဝယ်)