လားရှိုး ဇွန် ၂၄
ကျန်းမာရေးဝန်ကြီးဌာန၊ မျက်စိအထူးကုဆေးကုသရေးအစီအစဉ်ဖြင့် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီးရှိ မျက်စိကုဌာနတွင် ရန်ကုန်မြို့မှ မျက်စိအထူးကုဆရာဝန်များက ဒေသခံမျက်စိဝေဒနာရှင်များကို စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမျက်စိကုသနေမှုများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦး၊ ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းနှင့် တာဝန်ရှိသူတို့က မျက်စိကုသရန်လာရောက်ကြသည့် ဒေသခံများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အထူးကုဆရာဝန်ကြီးများသည် လားရှိုးမြို့တွင် ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ မျက်စိရောဂါနှင့်ပတ်သက်၍ မွေးရာပါမျက်စိရောဂါများ၊ မျက်စိထိခိုက်ဒဏ်ရာရောဂါများ၊ နာတာရှည်မျက်စိရောဂါဝေဒနာများ၊ အရေးပေါ်မျက်စိရောဂါလက္ခဏာများဖြစ်သော မှုန်ဝါးနီကိုက်ခြင်းများ၊ အနီးမှုန်အဝေးမှုန် မျက်စိရောဂါဝေဒနာများ၊ ဆီးချိုရောဂါနှင့်နှီးနွယ်သည့် မျက်စိရောဂါဝေဒနာရှင်များ၊ ရေတိမ်ရောဂါများစသည့် မျက်စိရောဂါနှင့်သက်ဆိုင်သော ဝေဒနာရှင်များကို အခမဲ့ကွင်းဆင်းကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)