မြိတ် ဇွန် ၂၄
မြိတ်တက္ကသိုလ်၏အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ကြက်တောင်ရိုက် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် (၂၀၂၃-၂၀၂၄/ ၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
တက္ကသိုလ် ကျောင်းသား/သူများ ကြက်တောင်ရိုက်အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာစေရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်၊ ကြက်တောင်ရိုက် အားကစားနည်းဖြင့် မြိတ်တက္ကသိုလ်၏ဂုဏ်ကို ဆောင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲအား ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲကို မြိတ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးမိုးလွင်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြ၍ ပြိုင်ပွဲစတင် ခဲ့သည်။ ပြိုင်ပွဲပထမပွဲစဉ်အဖြစ်အသင်းလိုက် တစ်ဦးချင်းပြိုင်ပွဲများကိုစတင်ကျင်းပခဲ့ရာ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ/မများနှင့် ကျောင်းသား/ သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၁၀၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲကို ဇွန်လ(၂၄)ရက်မှ(၂၈)ရက်အထိ တစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲ အမျိုးအစားများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )