မြိတ် ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကလွင်ကျေးရွာ ကလွင်မှော်ကမ်းခြေတွင် ဒီရေတောသစ်ပင် ဗြူးအုပ်ဆောင်းနှင့် ဗြူးခြေထောက်အပင်(၂၀၀၀)ကို ငါးလုပ်ငန်းဦးစီးဌာန၊ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၊ သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဒီရေတောသစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းသည် ဒီရေတောထိန်းသိမ်းရေး၊ ငါးသယံဇာတများပွားများစေရေးနှင့် သဘာဝရာသီဥတုဒဏ်ခံနိုင်ရေး ရည်ရွယ်ချက်များဖြင့် တည်ဆောက်လျက်ရှိသည့် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးမွေးမြူရေးစခန်းအနီး ကလွင်မှော်ကမ်းခြေတွင် စိုက်ပျိုးကြခြင်းဖြစ်သည်။
စုပေါင်းစိုက်ပျိုးကြမည့် ဒီရေတောပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက ဒီရေတောပျိုးပင်များကို မြိတ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိုးမိုးလွင်နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးနှင့် တာဝန်ရှိသူများအား ပေးအပ်သည်။
ဒီရေတောသစ်ပင်များ စုပေါင်းစိုက်ပျိုးရာတွင် မြိတ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများစုပေါင်း၍ ဗြူးအုပ်ဆောင်းအပင်(၁၀၀၀)၊ ဗြူးခြေထောက်အပင်(၁၀၀၀) စုစုပေါင်းအပင်(၂၀၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)