မိတ္ထီလာ ဇွန် ၂၄
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲမကျင်းပမီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာနတွင် ဖြေဆိုခန်း ၄ ခန်းခွဲ၍ ကျင်းပရာ အခြေခံပညာအထက်ကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူ ကျောင်းသား ၇၃ ဦး ပါဝင်ယှဉ်ပြိုင်သည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲအပြင် ဇွန်လ ၂၅ ရက်နေ့တွင် ကျပန်းစကားပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန၌လည်းကောင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အ.ထ.က(ခွဲ)အောင်ဇေယျာတွင်လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ