မောက်မယ် ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓါတ်ပုံ/ နံရံကပ်စာစောင်ပြပွဲနှင့် မြို့နယ်ရုံးဝန်ထမ်းများက “သတင်းစကား” လက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ယနေ့နံနက် ၉ နာရီက ဖြန့်ဝေခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင် နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တွေ့ရသောအမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဟောပြောခဲ့ပြီး မြို့မစခန်းမှူးဒုရဲမှူး သန့်ဇင်က မူးယစ်ဆေးဝါးသုံးစွဲလျှင် ဖြစ်တတ်သောအန္တရာယ် လက္ခဏာများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲလျှင်အရေးယူရမည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် ယာဉ်စည်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပြီး ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။ အဆိုပါလက်ကမ်းစာစောင်တွင် အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပွားနိုင်၊ ရှောင်လေဝေးဝေးမူးယစ်ဆေးကဗျာ၊ ကာတွန်းစသည့် အချက်များပါဝင်ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓါတ်ပုံ/နံရံကပ်စာစောင်များအား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လှည့်လည်ရှင်းလင်းပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)