တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

တံတားဦး ဇွန် ၂၄

တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက် (၉) နာရီက အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဖြစ်သည့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးရဲတင့်က သတင်းဓါတ်ပုံများအကြောင်း၊ သတင်းဓါတ်ပုံရိုက်ကူးမှုနှင့် အင်တာဗျူးအစီအစဉ်များ ရိုက်ကူးမှုဆိုင်ရာ သိကောင်းစရာများ၊ သတင်းရေးသားနည်း၊ သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းများနှင့် သတင်းပေးပို့နည်းများ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးအေးမိုးက သတင်းဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ သတင်းရေးသားနည်းတို့ကို စာတွေလက်တွေ စနစ်တကျသင်ကြား ပေးလျက်ရှိသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သတင်းဓါတ်ပုံ ရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို (၂၄.၆.၂၀၂၄) ရက်နေ့မှ (၂၅.၆.၂၀၂၄) ရက်နေ့အထိ သင်တန်းကာလ (၂) ရက်ဖြင့် နေ့စဉ်နံနက် (၁၀) နာရီမှ မွန်းတည့် (၁၂) နာရီအထိ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိပြီး အဆိုပါသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သတင်းလုပ်ငန်း၌ စိတ်ပါဝင်စားသူများ တက်ရောက်သင်ကြား လျက်ရှိသည်။

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများကို Online မှတစ်ဆင့် ပြည်သူများ အသိပညာဗဟုသုတများစွာ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)  များ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများကို လစဉ်ဆက်လက် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးရဲတင့်( ပြန်/ဆက်)