မိုင်းယု ဇွန် ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့အုပ်စု ဒွန်းနွဲ့ကျေးရွာအနီး မိုင်းယုမြို့နှင့် ဒွန်းနွဲ့သွားလမ်းရှိ နမ့်ဖွန်ချောင်းပေါ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စီမံမှုဖြင့် တည်ဆောက်ထားသည့် မိုင်းယု-ဒွန်းနွဲ့ ကြိုးတံတားအား ယနေ့နံနက်ပိုင်းက ကြံ့ခိုင်မှု ရှိ/မရှိတို့ကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ တံတားကို ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ ကျေးလက်နေ ပြည်သူများနှင့် မြို့နေပြည်သူများက ဖြတ်သန်းသွားလာနေကြပြီး ယင်းသွားလာမှုနှင့် မိုးရာသီတွင် ကြိုးတံတား၏ ကြံ့ခိုင်မှုအခြေအနေတို့ကို မိုင်းယောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားအား မိုးရာသီတွင် ရေတိုက်စားမှုဒဏ်ခံနိုင်ရေးအတွက် ထပ်မံလိုအပ်မည့် လုပ်ငန်းစဉ်များ၊ အချိန်မရွေး သွားလာနိုင်ရန် ဆိုလာစနစ်သုံးမီးတိုင်များ ထပ်မံတပ်ဆင်နိုင်ရေး၊ တံတားဝန်းကျင်အနီး တံတားအား ပျက်စီးစေမည်အရာများ မရှိစေရေးစသည့်တို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့ကို ဖြည့်စွက်မှာကြားခဲ့ကြသည်။
ကြိုးတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် တည်ဆောက်ပေးခြင်းဖြစ်ပြီး တံတားအရှည် ပေ (၁၀၀)၊ အကျယ် (၅) ပေ၊ အမြင့် (၃၇) ပေရှိသည့် ကြိုးတံတားဖြင့်ပြီး ယင်းတံတားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလပထမပတ်က စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ မိုင်းယု၊ ဒွန်းနွဲ့၊ ဝမ်နားမြတ်၊ တာပေါက်၊ မိုင်းလွေ၊ ဝမ်ဆလီ၊ ဝမ်ယမ်းခမ်းနှင့် ဝမ်ပေါက်ကျေးရွာတို့မှ ပြည်သူများ သွားလာနေကြပြီးဖြစ်ကြောင်းနှင့် တံတားမှာ ကြိုးတံတားဖြစ်၍ မော်တော်ဆိုင်ကယ်နှင့် လူများသားဖြတ်သန်းသွားလို့ရကာ အဆိုပါ တံတားရှိလာ၍ ပြည်သူများမှာ ကူးသန်းရောင်းဝယ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးမှုတို့အတွက် အကျိုးပြုနေပြီဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်