ပုဗ္ဗသီရိ ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်အုပ်စု၊ ဆင်တဲကြီးကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှ စိုက်ပျိုးရေးတာဝန်ခံ ဒေါ်သွယ်သွယ်ခိုင်၊ ရွှေသီးနှံရောင်းဝယ်ရေးမှ ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များက အသိပညာပေးဟောပြောရာတွင် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ မိုးစပါးရာသီတွင် မိုးစပါးစိုက်ခြင်းအားလုံး ကျဲခြင်းစနစ် ပပျောက်ပြီး အတန်းလိုက်စနစ် ဖြစ်ပေါ်စေရေးအတွက် တောင်သူပညာပေးဆွေးနွေးခဲ့ကြပြီး၊ မိုးသီးနှံစိုက်ပျိုးမှုအတွက် မျိုးလိုအပ်ချက် စာရင်းပြုစု၍ တောင်သူများ မျိုးကောင်းမျိုးသန့်ရရှိစေရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် စပါးစိုက်တောင်သူများ၊ ဆီထွက်သီးနှံ စိုက်ပျိုးသည့်တောင်သူများအား စပါးများအား အတန်းလိုက်စိုက်စနစ်ဖြင့် စိုက်ပျိုးကြရန်နှင့် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် သွင်းအားစု ဓာတ်မြေဩဇာ လယ်ယာသုံးဆေးများနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ကျေးရွာများမှ တောင်သူ စုစုပေါင်း(၅၀)ဦး တို့ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)