“မိုးစပါးပန်းတိုင်အထွက်ရရှိရေးနှင့် စပါးမျိုးသစ်များအကြောင်း” တောင်သူနည်းပညာဆွေးနွေပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို “မိုးစပါးပန်းတိုင် အထွက်ရရှိရေးနှင့် စပါးမျိုးသစ်များအကြောင်း” ခေါင်းစဉ်ဖြင့် (၃၉)ကြိမ်မြောက်အဖြစ် ယမန်နေ့နံနက်ပိုင်းက စုဝေခန်းမ၌  ကျင်းပခဲ့သည်။

အဆိုပါ တောင်သူနည်းပညာဆွေးနွးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းမှ တောင်သူများ၏ ပြဿနာ၊ အခက်အခဲများကို ကျော်လွှားနိုင်ရန် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူတို့ လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီပြီး ဈေးကွက်ဝင်  စပါးမျိုးများ စိုက်ပျိုးရေးနှင့် စိုက်ပျိုးနည်းစနစ်ကောင်းများ အသုံးပြုရေးသည် အရေးကြီးပါကြောင်း၊ မိမိအနေဖြင့် အထူးမှာကြားလိုသည်မှာ ယခုတက်ရောက် သည့် တောင်သူနည်းပညာဆွေးနွေးပွဲမှ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပန်းတိုင်အထွက်နှုန်း ရရှိစေနိုင်သောမျိုးများအား ပြောင်းလဲစိုက်ပျိုးရန်၊ စပါးစိုက်ပျိုးမည့်မြေကို မြေဆီလွှာ တိုးတက်ကောင်းမွန်အောင်ပြုပြင်ရန်၊ စိုက်နည်းစနစ်နှင့် စိုက်ချိန်ကို မှန်ကန်စွာ စိုက်ပျိုးကြရန်၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို စပါးပင်လိုအပ်သောအချိန်၌ နှုန်းထားမှန်ကန်စွာ ထည့်သွင်းရန်၊ ပိုး၊ ရောဂါ၊ ပေါင်းတို့ကို အချိန်မှီကာကွယ်ရန်နှင့် ဈေးကွက်ဈေးနှုန်းသတင်းများကို စဉ်ဆက်မပြတ်လေ့လာကြရန် မှာကြားလိုပါကြောင်း၊ ဤဆွေးနွေးပွဲမှ မိမိတို့သိရှိလာသည်များကိုလည်း၊ အခြားသူများလည်း ပြန်လည်မျှဝေပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါက်တာယဉ်မင်းထွန်းမှ စပါးသီးနှံအထွက်နှုန်းကွာဟချက် လျှော့ချရေးနှင့် မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိရေး နည်းပညာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ သုတေသနလက်ထောက်-၂ ဒေါ်ယဉ်မြတ်မြတ်မင်းမှ “မိုးစပါးပန်းတိုင်အထွက်ရရှိရေးနှင့် စပါးမျိုးသစ်များ” နှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဥတ္တရသီရိမြို့နယ်မှ တောင်သူများက  စပါးပန်းတိုင် အထွက်နှုန်းကို ယခင်နှစ်ကလည်းရရှိခဲ့ကြောင်း၊ ယခုနှစ်လည်းရရှိရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပေးမှုအတိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်ကြိုးစားဆောင်ရွက် မည်ဖြစ်ပါကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူကိုယ်တိုင် တက်ရောက်သူများသာမက Zoom ဖြင့် တက်ရောက်လျက်ရှိကြသည့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ တက်ရောက်နေသူများနှင့်  စပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မျိုးပြောင်းလဲရေးနှင့် အရည်အသွေးကောင်း၊ အထွက်ကောင်းစပါးမျိုးသစ် ဝိုင်အက်စ်အာ ၁ စိုက်ပျိုးရန် လျာထားချက်များ၊ စိုက်နည်းစနစ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစန်းလွင်နှင့် ညွှန်ကြားရေးမှူး ဦးဝင်းဦးတို့မှ စပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆည်ရေ၊ မိုးရေ၊ မြေအောက်ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုစေရေး ဆွေးနွေးပေးခဲ့ကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေါက်တာခင်သိန်းညွန့်မှ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးမွှားကာကွယ်နည်းများအား ဆွေးနွေးပေး ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)