ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား  ဇွန် ၂၃

နှစ်စဉ် ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူထုစုပေါင်းစက်ဘီးနင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁)နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသူလေးများ တက်ရောက်အားပေးခဲ့ကြပြီး စက်ဘီးစီးနင်းပွဲကို ဧရာရပ်ကွက်ပြည်သူ့အား ကစားကွင်းရှေ့မှ ပြည်နယ်ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ စတင်တာ လွှတ်ပေးခဲ့သည်။

ထို့နောက် စုပေါင်းစက်ဘီးစီးနင်းသူများသည် ရုံးကြီးလမ်းမှ ဆွမ်ပရာဘွမ်လမ်း၊ ဆွမ်ပရာဘွမ်လမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်စေရန်အောင်ဘုရားအထိ စက်ဘီးစီးနင်းခဲ့ကြပြီး ပြည်သူ့အားကစားကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဘောလုံးကွင်းအတွင်းမှ ကြိုဆိုခဲ့ကြရာ စက်ဘီးစီးနင်းသူများသည် ဘောလုံးကွင်းတစ်ပတ်ပတ်ကာ စုပေါင်းစက်ဘီးစီးနင်းခဲ့ကြပြီး စက်ဘီးစီးနင်းသူများအား စက်ဘီး(၂)စီးအပါအဝင် မိသားစုအသုံးအဆောင်ပစ္စည်းများကို မဲဖောက်၍ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)