စဉ့်ကူး ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ၊ ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက မူးယစ်ဆေးဝါး၏အန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာထိခိုက်မှုများမှ ရရှိလာမည့် ဆိုးကျိုးများ၊ ရောဂါလက္ခဏာများ၊ မူးယစ်ကင်းစင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များအကြောင်းကို (ဥပမာ၊သာဓကများဖြင့်) အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများအား အထိမ်းအမှတ်အကြို ကဗျာရွတ်၊ ပုံပြော၊ စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်၊ ဥာဏ်စမ်းပဟေဠိနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။
ထို့နောက် (Community Center) ခန်းမတွင် ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ငြိမ်းချမ်းဝင်း (ပြန်/ဆက်)