ဒဂုံတောင် ဇွန် ၂၃
“အောက်ဆီဂျင်ပြည့်ဝရရှိဖို့သစ်ပင်စိုက်ပျိုးစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ရည်ရွယ်ချက်ထားရှိကာ ဒေသတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်တော၊သစ်ပင်၏တန်ဖိုးကို နားလည်မြတ်နိုးသည့်စိတ်ဓာတ်ဖြစ်ပေါ်လာစေရန်အတွက် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)နှင့် Rohto Metholatum (Myanmar) Co.ltd တို့ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)လမ်းမကြီးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းဝင်းအတွင်း ယမန်နေ့နံနက်၈နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုသိန်းနှင့် Rohto Metholatum (Myanmar) Co.ltdမှ တာဝန်ရှိသူတို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်း ရည်ရွယ်ချက်အကြောင်းအရာများ သစ်ပင်စိုက်ပျိုးနည်းများ ပြောကြားပြီး စိုက်ပျိုးမည့်မြေနေရာများချထားပေးကာ အာဆီယံသပြေ(၁၂၄)ပင်၊ ခရေပင်(၅၇၉)ပင်၊ ဗာဒံပင်(၂၅)ပင်၊ စိန်ပန်းပင်(၁၀)ပင်နှင့် အခြားသီးပင်စားပင်(၆၂)ပင် စုစုပေါင်းပျိုးပင်(၈၀၀)ပင်ကို တစ်ပြိုင်နက်စုပေါင်းစိုက်ပျိုးကြပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုသိန်း၊ ပါမောက္ခများ၊ ကထိကများ၊ သင်တန်းရေးရာဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ Rohto Metholatum (Myanmar) Co.ltd မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အနုပညာရှင်များ စုစုပေါင်းအင်အား(၃၀၀)ကျော်ခန့် တက်ရောက်ကြကြောင်း သိရသည်။
ကျော်စွာမိုး