မှော်ဘီ ဇွန် ၂၃
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက် တည်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ က ဝါးနက်ချောင်းကျေးရွာ၊ ချမ်းမြသာယာဘုန်းကြီးကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။
ရှေးဦးစွာ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးသန့်စင်ကျော်က စိုက်ပျိုးသွားမည့် ပျိုးပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များထံသို့ ပေးအပ်သည်။
ထို့နောက် မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင်(၂) ဦးဝင်းစိုး၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူ(၃၀၀)ကျော်တို့က ပိတောက်(၅၀)ပင်၊ မဟောဂနီ(၃၀၀)ပင်၊ မန်ဂျန်ရှား (၄၀၀)ပင်နှင့် စိန်ပန်း(၃၀၀) စုစုပေါင်း ပျိုးပင်(၁၀၅၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။
ဝင်းဇော်(မှော်ဘီ)